Truth and perspective



Truth and perspective


မျက်မမြင်ပုဏ္ဏား ၆ ယောက် ဆင်ကို စမ်းသလိုပါပဲ အမှန်တရားဆိုတာ ရှုပ်ထွေးတဲ့ အရာ၊ တိုက်ရိုက် မမြင်ရတဲ့အရာ ဖြစ်ပြီး အစစ်အမှန်တရား reality ကို သိရှိဖို့ ရန် အချိန်အများကြီးယူရပါတယ်။၃ ဒိုင်မင်းရှင်းရှိတဲ့ ပစ္စည်းကို ၂ ဒိုင်မင်းရှင်း နံရံပေါ်မှာ အရိပ်အနေနဲ့ ပေါ်အောင် အလင်းနဲ့ ထိုးတဲ့အခါ မြင်ရသလိုပဲ နေ့စဉ်ဘဝ မှာ လူသားတွေ တွေ့နေရတာက တကယ့် အစစ်အမှန် reality မဟုတ်ပါဘူး။ ဒါဖြင့် အမှားတွေလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ shadow of reality ခေါ်တဲ့ အမှန်တရား ရဲ့ အရိပ်များသာ။


အရိပ် (တနည်း) သင်္ချာ အားဖြင့် projection တွေဟာ အမှန်တရားရဲ့ တဖက်ဖက်ကိုသာ ဖော်ပြနိုင်လို့ သူဟာ ကြည့်ရှုသူ ပေါ်မူတည်တယ်။ အရိပ်ပေါ်အောင် အလင်းရောင် shine လုပ်တဲ့ ထောင့် ပေါ်မှာ မူတည်တယ်။အောက်က ပုံလိုပေါ့။


ဒါကို မသိတဲ့အခါ ကိုယ့်ရှုထောင့်က ကိုယ်ကြည့်ပြီ မတူတဲ့ ရှုထောင့်က လူ၂ယောက်ဟာ ဒါမှမဟုတ် လူနှစ်စုဟာ အမှန်တရား တခုထဲကိုပဲ အမြင်နှစ်မျိုးနဲ့ ကိုယ်မြင်သလို ကိုယ်ပြောကြရာကနေ အငြင်းပွားမှု ၊ ဂိုဏ်းဂဏ ကွဲမှု တွေ ဖြစ်လာကြတယ်။ ကိုယ်က လေးထောင့် ချိန်မှာ သူက ဝိုင်းနေတယ်။ တကယ်က စလင်ဒါကြီး။ ဘယ်သူမှန်လည်းဆိုတော့ ဘယ်သူမှ မမှန်ဘူး။ ဘယ်သူမှားလည်းဆိုတော့ ဘယ်သူမှ မမှားပြန်ဘူး။ ဘာလို့ဆိုတော့ ကွယ်ဝှက်နေတဲ့ ဒိုင်မင်းရှင်းကို reality ကထုတ်မပြတဲ့အခါ ၊ လူတွေက မမြင်နိုင်တဲ့ အခါ အမှန်တရားဟာ ဒိုင်မင်းရှင်း တရှဉ်းစာ ဝေးနေတော့တာပေါ့။


ဗုဒ္ဓဝါဒ မှာတော့ ဒီကိစ္စကို ပညတ် နဲ့ ပရမတ် လို့ ခေါ်ပါတယ်။ ဗုဒ္ဓ အယူအရ အရိပ်ဟာ ပညတ် ပါပဲ။ reality က ပရမတ်ပေါ့။ ပရမတ်ဟာ ပညတ်ထက် ပိုတယ်လို့ ဗုဒ္ဓက ယူဆတယ်။ ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဂျိန်းဘုရား မဟာဝီရ ကတော့ reality ဟာ ရှုပ်ထွေးပြီး မျက်နှာအများကြီး ရှိတဲ့ အတွက် many-sided reality လို့ခေါ်တယ်။ မဟာဝီရအတွက်တော့ reality ကိုယ်၌ကော ၊ သူ့ မျက်နှာ sides တွေကောပါ အစစ်အမှန် ပါတဲ့ ။ ဘာလို့ဆိုတော့ သူ့အခြမ်းတွေ မျက်နှာတွေက သူမရှိရင် ရှိမလာလို့ပေါ့။ ဒီဘုရား ၂ ပါး က ဒီကိစ္စကို အစောဆုံးသိမြင်ကြပေမဲ သူတို့တွေတောင် ဝိဝါဒ ကတော့ ကပ်ပွားနေရသေးတာပါပဲ။ ဘယ်သူက ပိုမှန်လဲ? ဝိဝါဒ ပွားနေပေမဲ့ ၂ ပါးလုံးလက်ခံတာကတော့ အမှန်တရားကို ကွကိုယ်ရှာမှ ရမယ်ဆိုတဲ့ မူပါ။


သိပ္ပံဆိုတဲ့ အရာ လူ့သမိုင်းမှာ တဖြည်းဖြည်းပေါ်လာတော့ အမှန်တရားရှာနည်းက ဘာသာတရားလို ကိုယ့် perspective က ကွကိုယ်တယောက်တည်း ကျိတ်ကျင့်တာ မဟုတ်တော့ဘဲ reality ရဲ့ hidden dimension ကို မြင်ရဖို့ရာ perspectives ပေါင်းစုံက လူပေါင်းစုံရဲ့ လမ်းပြမီးအိမ် အလင်းရောင် ပေါင်းစုံကို သုံးလာခဲ့ကြတယ်။ သိပ္ပံဟာ အောင်မြင်ပါတယ်။ သိပ္ပံဟာ လက်ဆင့်ကမ်းနိုင်တယ်။ ဘာသာတရားက တယောက်ထဲ လွတ်မြောက်ဖို့ကြိုးစားချိန်မှာ သိပ္ပံက လက်ဆင့်ကမ်းခြင်းအားဖြင့်၊ ရှုထောင့်ပေါင်းစုံကို ကြည့်ရှုခြင်းအားဖြင့် အောင်မြင်ခဲ့တယ်။ အမှားနဲ့ အမှန်ကို ထက်မြတဲ့ ဓါးသွားတလက်လို ပိုင်းခြားနိုင်ခဲ့တယ်။ ဒါပေမဲ့ အများက ဝိုင်းလုပ်ရတဲ့ အရာ၊ မျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်းရတဲ့ အရာ ဖြစ်လို့ ဝိဝါဒ မကွဲပြားဘဲ communicate လုပ်နိုင်မဲ့ သဘာဝကို အရှင်းဆုံး ဖော်ပြနိုင်မဲ့ language တခုတော့ လိုခဲ့ပါတယ်။ အချင်းချင်းဆက်သွယ်ဖို့ ၊ အမှန်တရားနဲ့ ဆက်သွယ်ဖို့ ဒီ language ကို သင်္ချာ လို့ ခေါ်ပါတယ်။


အထူးသဖြင့်တော့ many-sided reality ကို ဖော်ပြနိုင်တဲ့ သင်္ချာပေါ့။ မဟာဝီရ ရဲ့ ဒီ ဝါဒ ကို manifoldness လို့လဲ ခေါ်ပါတယ်။ ဒါကတော့ အံ့သြစရာပါ။ ဒီသဘောကို လေ့လာတဲ့ သင်္ချာကို tensor လို့ ခေါ်ပြီး tensor တွ describes လုပ်တာက manifold တွေပါ။ စကားလုံး ၂ ခုကတူနေခဲ့တယ်။ဘယ်လို တိုက်ဆိုင်မှုမျိုးလည်းပေါ့။


Tensor တွေထဲမှာ matrix တွေပါလို့ မက်ထရစ်ကိုတော့ အရင်သိရပါမယ်။ tensor တွေက မျက်နှာအမျိုးမျိုးပြောင်းပါတယ်။ ဒီလိုပြောင်းလဲမှု က perspective ပြောင်းခြင်းကြောင့်ပါ။ ဒါကို transformation လို့ ခေါ်ပြီး ဒီ transformation တွ ဟာ group structure ရှိပါတယ်။ ဒါပေမဲ့ သူတို့ ဘယ်လောက်ပြောင်းပြောင်း tensor ဟာ reality စင်စစ် က လုံးဝသွေဖယ် မသွားပါဘူး။ Tensor ရဲ့ အံ့သြစရာ အရည်အချင်းက သူ့ရဲ့ ပြောင်းလဲနေတဲ့ side (face) တွေကော၊ သူကိုယ်တိုင်ကောဟာ တခုတည်းဖြစ်နေတာ ၊ reality ဖြစ်နေတာပါပဲ။


Tensor တွေကို သေချာ နားလည်တဲ့ လူနှစ်ယောက်ဟာ ရှု့ထောင့်မတူလို့ အစစ်အမှန်တရားကို မြင်ရပုံမတူရင်တောင် transformation လုပ်ပြီး တခြားတယောက်မြင်ရတာကို အခြားတယောက်ကမြင်ကြည့်လို့ရပါတယ်။ ဒီနည်းနဲ့ ၂ဘက် (၃/၄/၅/…ဘက်) လုံးက ကြည့်ပြီး တကယ့် reality ရဲ့ hidden dimension မှာရှိတဲ့ ပကတိတရားကို ဆုပ်ကိုင်ကြည့်နိုင်လာပါတယ်။


ဒါကို မသိတဲ့ ၊ ဒီ Language ကို နားမလည်တဲ့ သူတွေကတော့ ငြင်းလို့ ကောင်းတုန်း ၊ ကွဲလို့ ကောင်းတုန်း၊ ဝါးလုံးခေါင်းထဲ လသာလို့ ကောင်းကြတုန်းပေါ့။


ဒီတော့ ကိုယ့် perspective မှာပဲ ကိုယ် ရိုးမြေကျ သေ မလား။ hidden dimension တွေကို စွန့်စားရှာဖွေမလား။ က ကိုယ်ကိုတိုင်ရဲ့ ဆန္ဒ ပါပဲ။


Wai Yan Myo Htet

Comments