The Starry Night



ကြယ်တွေစုံပြီလား


"ကြယ်တွေစုံပြီလား ဗင်းဆင့်အနားကိုလာကြတယ်"

ထူးအိမ်သင်ရဲ့ ဗင်းဆင့်တမ်းချင်းပါ။ ဒီသီချင်းဟာဒွန်မက်ကလင်း ရဲ့ starry starry night ဆိုတဲ့ကမ္ဘာကျော်သီချင်းကို ပြန်ထားတာပါ။ ဗင်းဆင့်ဗန်ဂိုးရဲ့ starry night ဆိုတဲ့ပန်းချီကားကို ပမာထားရင်းသူ့အကြောင်းသီဖွဲ့ထားတဲ့ သီချင်းလေးတပုဒ်ပါ။


ကြယ်စုံတဲ့ည အမည်ရတဲ့ပန်းချီကားဟာ ဗန်ဂိုးရဲ့ masterpiece ပါ post impressionist အမျိုးအစား....


ဒီပန်းချီကားဟာ စိတ်ခံစားချက်တွေကိုဦးစားပေးဖော်ကြူးတဲ့ expressionist တို့ရဲ့အစ ဖြစ်သလိုလူပြောသူပြောများတဲ့ ရတနာ တခုလည်းဖြစ်ပါတယ် ဗန်ဂိုးဟာ စိတ်ရောဂါထလာချိန် သူစွဲလမ်းနေတဲ့ မိန်းခလေး ဆီ ဘယ်ဘက်နားရွက်ကို ဖြတ်ပို့

ပြီးတဲ့နောက်မှာ စိန့်ရယ်မီ စိတ္တဇ ဆေးရုံမှာ ကိုယ်တိုင်သွားတက်ခဲ့ပါတယ် ဒီအချိန်မှာ သူ့အခန်းကလှမ်းမြင်ရတဲ့ တောင်ကုန်း ဆိုက်ပရပ်ပင်နဲ့ ကြယ်စုံညကို ခြယ်မှုန်းခဲ့ပါတယ် စိတ်ဂယောက်ဂယက်ဖြစ်နေချိန်မှာပေါ့ 


ဒီပန်းချီကားကို နားမလည်သူတွေက ကြယ်တွေကိုဆွဲထားတာလားလို့မေးကြတယ် တကယ်တော့ဒီပန်းချီကားဟာ ကြယ်တွေကိုကြည့်နေသူရဲ့ရင်ထဲကဝေဒနာတွေကို ဖော်ကြူးထားတာပါ လှပတဲ့ဆိုက်ပရပ်ပင်တွေဟာခြောက်ခြားစရာဖြစ်လို့ကြယ်တွေဟာ ဝဲကတော့ဆန်တဲ့ အလင်းတွေရဲ့လှုပ်ရှားမှုကြားမှာဝေဒနာပြင်းထန်လို့ အေးစက်စက်တောင်ကုန်းအောက်က ရွာလေးဟာ ခြောက်သွေ့လို့ 


ဗန်ဂိုးမတိုင်ခင်က impressionist ကို ပုံဖော်ခဲ့သူမိုးနေးဟာ အရောင်တွေထက် အလင်းအမှောင်ကိုအားပြုပြီး ခံစားချက်ကို ပုံဖော်ဖို့ ကြိုးစားခဲ့ပါတယ်။လူ့ဦးနှောက်ဟာ အရောင်တွေကို သိတဲ့နေရာနဲ့လှုပ်ရှားမှုကို သိတဲ့နေရာ မတူပါဘူး။ပုံရိပ်တွေကိုပုံဖော်တဲ့နေရာကတော့ အရောင်တွေကိုသိတဲ့နေရာနဲ့တူပါတယ်။ လှုပ်ရှားမှုကို သိတဲ့နေရာဟာအလင်းအမှောင် luminance ကိုသိတဲ့နေရာနဲ့တူပါတယ်။ ဒီတော့ မိုးနေးဟာ သူ့ရဲ့ sunrise ဆိုတဲ့ပန်းချီကားမှာ တဖျက်ဖျက်လှုပ်ရှား နေစေဖို့ အလင်းအမှောင်တူညီတဲ့စုတ်ချက်တွေကို အသုံးပြုခဲ့ပါတယ်။ဒီအပိုင်းမှာ ဆရာကျခဲ့တာကတော့ ဗန်ဂိုးပါ။သူက သူ့ရဲ့ စိတ္တဇဆန်တဲ့ ဝေဒနာတွေ ဖော်ကျူးရာမှာ လှုပ်ရှားမှုရဲ့ အဆုံးမဲ့ပုံစံဖြစ်တဲ့ turbulence ဂယောက်ဂယက်ဖြစ်မှုကိုမျက်ဝါးထင်ထင် မြင်လာရအောင် ဒီ equiluminance နည်းကို သုံးခဲ့ပါတယ်။


သိပ္ပံပညာရှင်တွေကို turbulence ကအတော်ဒုက္ခပေးပါတယ် ဝါနာဟိုက်ဇင်ဘာ့ဂ် ဟာ ကွမ်တမ်ရဲ့ရှေ့ဆောင်ပါ။ သူက တခါကပြောခဲ့တဲ့ သူသေလို့ဘုရားသခင်ဆီရောက်ရင် မေးခွန်းတခုမေးချင်ပါတယ်တဲ့ 


"အိုဘုရားသခင် သင်ဘာလို့ နှိုင်းရသီဝရီနဲ့ turbulence ကို ဖန်းဆင်းတာလဲ" ပေါ့


turbulence ဆိုတာ ဝဲဂယက်လို လေဝဲလို chaos ပရမ်းပတာဖြစ်နေတဲ့ အရာမျိုးကိုပြောတာပါ။တစ်ချို့က တားဗြူးလန့်စ် ဟာ ကွမ်တမ်ထက်တောင်ခက်မယ်လို့ ယူဆခဲ့ကြပါတယ်။ ခုချိန်ထိ အလုံးစုံမဖြေရှင်းနိုင်သေးတဲ့ ဝဲဂယက်ဟာ ၁၉၄၀ ကျော်မှာ ရုရှား သိပ္ပံပညာရှင် ကိုမိုဂိုရော့ဗ့်ရဲ့ကြိုးစားမှု

နဲ့အတူ သီဝရီ တစိတ်တပိုင်းပေါ်လာခဲ့ပါတယ်။ကိုမိုဂိုရော့ဗ့် က ဝဲဂယက်တွေကို self similarity ရှိတဲ့ ဝဲများ အဖြစ်ရှုမြင်ပါတယ်။ self similarity ဆိုတာ အစိတ်အပိုင်းကြီးက သူ့ကို ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းသေးတွေနဲ့ပြန်တူနေတာမျိုးပါ။


ဥပမာ ဝဲဂယက်ကြီးထဲမှာသူနဲ့တူတဲ့ဝဲလေးတွေရှိပြီး ဒီဝဲတွေကိုလည်းသူတို့နဲ့တူတဲ့ ဝဲသေးသေးလေးတွေနဲ့ဖွဲ့စည်းထားတာပါ ကိုမိုဂိုရော့ဗ့်ကဝဲဂယက်ကြီးတွေဟာ ဝဲဂယက်ငယ်တွေကို စွမ်း

အင်ဖြန့်ပေးပြီး ဒီ စွမ်းအင်ဟာ ဝဲဂယက်ရဲ့အကွာအဝေး scale ကြားက အမြန်နှုန်းကွာခြားချက်နဲ့တိုက်ရိုက် ဆက်စပ်နေတဲ့ ပြောခဲ့ပါတယ်။


ပန်းချီကားအကြောင်းပြန်သွားရရင် ပန်းချီကားမှာရှိတဲ့ luminance difference တောက်ပမှု ကွာဟချက်ဟာ ဝဲဂယက်က အမြန်နှုန်းကွာဟချက်နဲ့သဘောတရားအတူတူပါပဲ

ဒီတော့ ကြယ်စုံတဲ့ည ပန်းချီကားရဲ့ တောက်ပမှုကွာဟချက်ဟာ ဝဲဂယက်ဆန်လားဆိုတာ လေ့လာဖို့ဖြစ်လာပါတယ်။ ဒါကို လက်တွေ့လေ့လာခဲ့သူကတော့ မက်ဆီကိုက ရူပဗေဒပညာရှင် အရာဂွန်ပါ။ ကိုမိုဂိုရော့ဗ့် သီဝရီ ကို သုံးပြီးသူ လေ့လာခဲ့တဲ့အခါမှာ starry night ဟာ တကယ် ပဲ ဝဲဂယက်ဆန်နေခဲ့ပါတယ်။ ဗန်ဂိုးရဲ့ စိတ္တဇ ရောဂါ အထ ဆုံးအချိန်မှာဖန်တီးခဲ့တဲ့ ဒီကားဟာ turbulence ကို အနုပညာရှင်လူသားတယောက်အနေနဲ့အတိကျဆုံးဖော်ကြူးမှုပါ။ သူ့ရဲ့စိတ်ခံစားမှုတွေ ဝေဒနာတွေဟာ အရုန်းကြွဆုံး ထင်ဟပ်ပြသနေခဲ့တာပါ။ အက်ဒဝက် မွန့်ခ်ျရဲ့ scream ဆိုတဲ့ပန်းချီကားဟာ အပေါ်ယံမှာဝဲဂယက်ဆန်ပေမဲ့ အာရဂွန် က စစ်ဆေးကြည့်တဲ့အခါ turbulence ကို မတွေ့ခဲ့ရပါဘူး....


ပန်းချီအနုပညာတခုရဲ့နောက်မှာ chaos ရဲ့ လှပမှု‌တွေကိုယ်ထင်ပြနေတာ ဒီတခုထဲတော့မဟုတ်ပါဘူး....ဂျက်ဆင်ပေါလော့ရဲ့ ကားတွေဆိုရင်လည်း ဖရက်တယ်တွေရဲ့အလှ နဲ့ ပသာဒ ကိုဖမ်းစား ခဲ့တာပါပဲ။


ဘာပဲဖြစ်ဖြစ် ဗန်ဂိုးရဲ့ ဝေဒနာတွေကိုဖော်ကျူးတဲ့ကြယ်စုံည ပန်းချီကားရဲ့နောက်က ဝဲဂယက်တွေဟာလူသားတွေရဲ့အာရုံကို အံ့သြဖွယ်တွေနဲ့အတူအံ့ဗနမ်း ဖမ်းစားနေဦးမှာပါပဲ....


Wai Yan Myo Htet

Comments