အနုပညာနဲ့သင်္ချာ

အနုပညာနဲ့သင်္ချာ 


သင်္ချာနဲ့ အနုပညာက ဘာမှ မဆိုင်ဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ အနဲဆုံး အနောက်တိုင်း အနုပညာတွေဖြစ်တဲ့ ဂီတ ၊ ပန်းချီ ၊ ပန်းပု နဲ့ စာပေ၊ အက ၊ အဆောက်အဦးဒီဇိုင်း  တွေကို ကြည့်ရင် အနုပညာဟာ သင်္ချာနဲ့ အနဲ နဲ့ အများတော့ ဆက်စပ်နေတာ တွေ့ရပါလိမ့်မယ်။ အနောက်တိုင်းဂီတ သီဝရီ ကို စတွေ့ခဲ့တာက ပိုင်သာဂိုးရပ်စ် ပါပဲ။ ပန်းပု ပညာမှာ ပထမဆုံး 1:√2 ဆိုတဲ့ အချိုးကို ပိုလီကလေးတို့စ် က ဘီစီ ၄ ရာစုမှာ ပန်းပု ထုရာမှာ အသုံးချခဲ့ပါတယ်။ ဒုတိယ လက်ဆစ်ကို ပထမရဲ့ √2 ၊ တတိယကို ဒုတိယရဲ့ √2 ၊ လက်ဖဝါးကို တတိယ ရဲ့ √2 စသဖြင့် အချိုးယူ ပြီး ထုခဲ့တာပေါ့။ 


ဗီထရုဗီးယပ်စ် ဆိုတဲ့ ပထမဆုံး ရောမအာခီတက်ကြီးက အဆောက်အအုံ ဆောက်ရာမှာ အချိုးတွေရဲ့ အရေးပါပုံ အကြောင်းကို De Architectura ဆိုတဲ့ ကျမ်းမှာ ဖော်ပြခဲ့ပါတယ်။ သူက အဆောက်အအုံ တလုံးမှာ ခိုင်ခံ့မှု၊အသုံးဝင်မှုနဲ့ အလှ ရှိရမယ်လို့ ဆိုခဲ့တဲ့သူ။ သူက စစ်အင်ဂျင်နီယာတယောက်လည်းဖြစ်တယ်ပြီး ဂျူးလိယပ်ဆီဇာ ရဲ့ အမြှောက်တပ်မှာ တာဝန်ထမ်းခဲ့ပုံရပါတယ်။ သူ့ရဲ့ လွှမ်းမိုးမှုကြောင့် လီယိုနာဒို ဒါဗင်ချီရဲ့ နာမည်ကျော် ဗီထရူဗီယံလူသား ဆိုတဲ့ အောက်က ပုံ ဖြစ်လာခဲ့တယ်။ ဒီပုံမှာ ဒါဗင်ချီက လူရဲ့ အချိုးကို ဗီထရူးဗီးယပ်စ် စာအုပ်ဖတ်ပြီး ဖန်တီးခဲ့တယ်။ ဆေးစာအုပ်တွေနဲ့ အီးစီဂျီ စာအုပ်တွေ မှာ ဒီပုံ ခဏခဏ ပါတယ်။ ဘာဆိုင်လဲတော့ မသိဘူး 😬 ။ ဒါပေမဲ့ ဂွတ်ပါတယ်။

နောက်ပိုင်းကြတော့ ဒီပုံရဲ့ အချိုးကို ဒါဗင်ချီက golden ratio နဲ့ ဆွဲထားတယ်လို့ ပြောတဲ့သူများလာတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း အချိုးဆိုတာ အလျား ၂ ခု ရဲ့ အပိုင်းကိန်းဖြစ်ပီး ၊ ဘယ် အလျားကို ပြောတာလည်းက ဝိဝါဒ ပွားစရာပါ။ ဒါကြောင့် ဗီထရူဗီယမ်လူသားနဲ့ golden ratio ရဲ့ ပါတ်သတ်မှုက ဒဏ္ဍာရီလို့ ပြောရင် မမှားပါဘူး။ ဒါပေမဲ့ ဒါဗင်ချီက ဒီပုံကို ဗီထရူးဗီးယပ်စ် ရဲ့ အချိုးတွေအကြောင်းဖတ်ပီး ဆွဲထားတာ ဆိုတော့ အချိုးကတော့ပါပါတယ်။ သင်္ချာရဲ့ လွှမ်းမိုးမှုတော့ ရှိတာပေါ့။ ဒါပေမဲ့ ရွှေအချိုးတော့ ဟုတ်ချင်မှလည်းဟုတ်မယ် ။ 


ပန်းချီမှာတော့ သင်္ချာရဲ့ influence က ပိုသိသာပါတယ်။ ပန်းချီသမိုင်းက အကြမ်းဖျဉ်းခွဲရင် အနောက်တိုင်းမှာပေါ့။ ပထမအဆင့်က အချိုး မကျတဲ့ ပုံတွေ ဆွဲတဲ့ ခေတ်ပေါ့။ ဒုတိယက အချိုးတွေ သိလာပီ။ တတိယက perspectives ကို စလုပ်လာပြီ။ နောက်တော့ အရောင်၊အလင်း၊ texture တွေ ကို ရှာဖွေလာပြီ။ဒီခေတ်မှာ ပေါ်တာက impressionist,expressionist တွေပေါ့။ နောက်တော့ ထုနဲ့ extra dimension တွေကို ရှာလာတာ။ ပီကာဆိုရဲ့ခေတ်ပေါ့။ ဒီကမှ chaos နဲ့ complexity တွေကို ထည့်လာတဲ့ ကာလ ။ ဂျက်ဆင်ပေါလော့ ရဲ့ ခေတ်တွေပေါ့။ အဲ့နောက်ပိုင်းတော့ postmodern ခေတ်ရောက်ပြီး ဆွဲချင်တာ ဆွဲတော့တာပါပဲ 😬 ။ just kidding ပါ။ ပန်းချီက အနှောင်အဖွဲ့ မရှိတော့ဘူး လို့ ပြောရင် ပိုမှန်မှာပေါ့။


အချိုးတွေ ခေတ်မှာ ဗီထရူဗီယပ် လို လူတွေက သြဇာကြီးပါတယ်။သူတို့ကလည်း ဂရိပိုင်သာဂိုရရပ်စ် ဂိုဏ်းသားတွေ ဆီကနေ အချိုး တွေကို သင်ကြားခွင့်ရခဲ့တာပါ။


ရီနေးဆွန့်ခေတ်မှာ ၃ ဘက်မြင် ကျနော်တို့ မြင်ရတဲ့ လောက ကို ၂ဘက်တိုင်း ပန်းချီကားပေါ် အချိုးကျကျ တင်ပေးဖို့ နည်းလမ်းကို စရှာလာကြတယ်။ ဒီမှာတော့ ပန်းချီစရာတွေက သင်္ချာမှာ projective geometry ဆိုတာ ပေါ်လာအောင် လုပ်ပေးခဲ့တာပါ။ projective geometry မှာ infinity ဆိုတာ point တခု line တကြောင်းပါပဲ။ perspective ဆိုတာကလည်း ကြည့်သူပေါ်မူတည်ပီးပြောင်းနေတဲ့ အချိုးတွေ အကြောင်းပဲ မို့ လား။ ဒီအခြေခံ နားမလည်ပဲဆွဲတဲ့ အခါ ပန်းချီကားဟာ အသက်မဲ့နေပါတယ်။


နောက်တော့ color တွေ ၊ light reflection ၊ refraction ပေါ်မူတည်ပြီး ခံစားမှုကို ပုံရိပ်ပေါ်တင်ဖို့ကြိုးစားတဲ့ ၊ texture ကိုသုံးဖို့ ကြိုးစားတဲ့ impressionist,expressionist , dadaism စတာတွေ ဖြစ်လာတယ်။ဒီကာလတွေက theory of light ကောင်းကောင်း establish ဖြစ်ပြီးမှ ပေါ်လာတာက တိုက်ဆိုင်မှု မဟုတ်ပါဘူး။


နောက်တော့ ပီကာဆိုပေါ့။သင်္ချာပညာရှင်တွေက n dimension ကို စနေပြီ။အိုင်းစတိုင်း ရဲ့ SR ပေါ်လာပြီ။ fourth dimension အကြောင်းပြောလာကြပီ။ပီကာဆို က ဟင်နရီ ပွိုင်ကာရေး ရဲ့ science and hypothesis ဆိုတဲ့ စာအုပ်ရဲ့ ပရိတ်သတ်ပါ။ ဒီစာအုပ်မှာ ပွိုင်ကာရေး က အများသိကြတဲ့ ယူကလစ် ဂဲသြမေထရီတခုထဲ က solely truth မဟုတ်နိုင်ကြောင်းကို အခြား ဂဲသြမေထရီတွေ ဒိုင်မင်းရှင်းအသစ်တွေနဲ့ argue လုပ်တယ်။ ပီကာဆိုက အောက်က demoiselles လိုကားမျိုးနဲ့ procubism ကိုစခဲ့ပါတယ်။ အမှန်တရားဟာ မြင်နေကြ ဖြစ်ချင်မှဖြစ်မှာပေါ့။ အလှတရားဟာလည်း မတူတဲ့ ဒိုင်မင်းရှင်းတွေကို မတူတဲ့ perspective က ပေါင်းမြင်တာ မဟုတ်ဘူးလို့ ဘယ်သူပြောလို့ ရမလဲ?။ ဒီမေးခွန်းအတွက် အဖြေကို ပီကာဆိုက ထုတွေ၊ line တွေ နဲ့ အဖြေပြန်ပေးခဲ့ပါတယ်။


နောက်တော့ ဂျက်ဆင်ပေါလော့ရဲ့ကားတွေမှာ ဖရက်တယ်တွေကို တွေ့လာရတယ်။ ခဲအော့စ် သီအိုရီလိုဟာမျိုးက ဒီတုန်းက မပေါ်သေးပေမဲ့ ဖရက်တယ် တွေကို လူတွေ လက်ခံလာတာကတော့ ပွိုင်ကာရေး လက်ထက်ကတည်းကပါပဲ။


ပြောချင်တာကတော့ ပန်းချီကို သင်္ချာက determine လုပ်တယ်လို့ မဟုတ်ဘူး။သို့သော် သင်္ချာရဲ့ တွေ့ရှိမှုက ခေတ်အမြင်ကို drive လုပ်ပေးပြီး ၊ခေတ်ရဲ့ အမြင်သစ်တွေဟာ ပန်းချီ မှာ တနည်းနည်းနဲ့တော့ ထင်ဟပ်လာတာပါပဲ။ projective geometry လို ကိစ္စမျိုးဆိုရင် ပန်းချီက သင်္ချာကို မောင်းနှင်းပါတယ်။ နောက်ဆုံးတော့လည်း ပန်းချီနဲ့ geometry ဆိုတာ စာရွက်ပေါ်မှာ ခဲတံ နဲ့ ခြစ်တာကနေ စတာမဟုတ်လား။


သင်္ချာကို ရည်ရွယ်ချက်ရှိရှိနဲ့ ပန်းချီမှာသုံးတဲ့ ပန်းချီဆရာတွေလည်းရှိပါတယ်။ ကျနော့ အိုင်ဒေါ M.C Escher လိုလူမျိုးပေါ့။ သူ့ လက်ရာတွေက tessellation တွေ ၊ hyperbolic geometry တွေပါတယ်။ tessellation ဆိုတာက periodic tiling ကို ပြောတာပါ။ လောကကို အခြားသောအမြင်နဲ့ contrast လုပ်ပီး မြင်ကြည့်ခြင်းပေါ့။


golden ratio ကို ပေါ်တင်သုံးတဲ့ ကျနော့ နောက်အိုင်ဒေါ တယောက်ကတော့ ဆာဗေဒါ ဒါလီပါ။ ဒါလီရဲ့ golden ratio အတိအကျထည့်ဆွဲထားတဲ့ surrealist ပန်းချီကားကတော့ Sacrament of last supper ပါ။ 


အာခီတက်မှာ ရွှေအချိုးသုံးတာနဲ့ပါတ်သတ်ပီး ပါသီနွန် ဘုရားကျောင်းနဲ့ ဗလီတချို့က နာမည်ကြီးပါတယ်။ဒါပေမဲ့ သုတေသန အရတော့ အထောက်အထားမရှိဘူး။ ဒါဗင်ချီက ပါစီယိုလီဆိုတဲ့ လူရဲ့ စာအုပ်မှာသရုပ်ဖော် ဆွဲခဲ့ဘူးတယ်။ရွှေအချိုးနဲ့ဆွဲရင် လှတယ်ဆိုတဲ့ Myth အတော်များများက ဒီ ပါစီယိုလီရဲ့ devine proportion ဆိုတဲ့စာအုပ်က စတာလို့ဆိုကြပါတယ်။


လူရဲ့ ရုပ်အဆင်းပြေပြစ်မှုနဲ့ ရွှေအချိုးကိုလည်း သုတေသန လုပ်ထားတဲ့ psychologist တွေရှိပါတယ်။ result က controversy ပါပဲ။ အမှန်တော့ အချိုးဆိုတာက မလိုဘူးလားဆိုရင်တော့လိုတာပေါ့။အလှရဲ့ determinant တခုက ratio ပါပဲ။ ဒါပေမဲ့ တခုတည်းသော အချိုး မှာ ပိုလှတယ်ဆိုတာကတော့ နဲနဲ တင်းကျပ်လွန်းပါတယ်။ range of ratio တခုတော့ဖြစ်ချင် ဖြစ်နိုင်တာပေါ့။ 


ကျွန်တော့်အမြင်အရတော့ physical beauty ဟာ distance,perspective, color,composition, contrast relative to background, ratios and emotional conditions of beholder စတဲ့ အချက်တွေပေါ်မူတည်မယ် ထင်မိတာပါပဲ။


သို့သော် ခုပြောတာတွေကို basic level ထိ ခွဲခြမ်းစိတ်ဖြာ လိုက်ရင်တော့ သင်္ချာဟာ ပါလာမှာပါပဲ။ Golden ratio ကော ပါလာမှာလား။


Wai Yan Myo Htet 

waiyanphysicsandmathemattics.blogspot.com




Comments